ယနေ့ခေတ် လုပ်ငန်းများသည် စီးပွားရေးလည်ပတ်နိုင်ရုံတင်မက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု နှင့် လောင်စာဆီများ လေလွင့်ဆုံးရှုံးမှု တို့ ဖြစ်စေနိုင်ပြီး Internet of Things (IoT) သည် အဆိုပါပြဿနာနှစ်ခုအား ဖြေရှင်းပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာပါသည်။
လောင်စာဆီအသုံးပြုမှု စစ်ဆေးစောင့်ကြည့်ခြင်း
IoT sensor များဖြင့် လောင်စာဆီအသုံးပြုမှုအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည် ဖြစ်ပြီး Fleet Manager များ အနေနှင့် အသုံးပြုခဲ့သည့် လောင်စာဆီပမာဏ၊ မူမမှန်သည့် အသုံးပြုမှုများနှင့် ထိရောက်မှုနည်းသည့် လုပ်ဆောင်ချက်များအား စောင့်ကြည့်နိုင်ပါသည်။ ထိုကဲ့သို့ လေ့လာစောင့်ကြည့်နိုင်ခြင်းသည် ဆီဆုံးရှုံးမှုကို လျှော့ချနိုင်ပြီး လုပ်ငန်းခွင်ထိရောက်မှုနည်းပါးခြင်းကို လျင်လျင်မြန်မြန်ဖော်ထုတ်ပေးနိုင်ပါသည်။
အင်ဂျင်နှိုးထားခြင်းနှင့် မဆင်မခြင်မောင်းနှင်ခြင်း
မလိုအပ်ဘဲ အင်ဂျင်နှိုးထားခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်းနှင့် အရှိန်မြှင့်ဘရိတ်နင်းခြင်း စသည့်အကြောင်းအရာများကြောင့် လောင်စာဆီဆုံးရှုံးမှုများ ဖြစ်လေ့ရှိပါသည်။ IoT နည်းပညာက ထိုကဲ့သို့ ယာဉ်မောင်းနှင်သည့် ပုံစံများကို စစ်ဆေးနိုင်ပြီး လိုအပ်သည့် ဆုံးဖြတ်ချက်များလုပ်ဆောင်နိုင်ရန် Fleet Manager များထံ အသိပေးခြင်းများ လုပ်ဆောင်နိုင်ပါသည်။ ထိုအပြုအမူ လုပ်ဆောင်ချက်များအား ပြင်ဆင်ပြီး လုပ်ငန်းတွင်း ဆီကုန်ကျစရိတ်ကို လျှော့ချနိုင်သလို ယာဉ်၏ သက်တမ်းကိုလည်း တိုးမြှင့်နိုင်မည် ဖြစ်ပါသည်။
သင့်တော်သည့် လမ်းကြောင်းရွေးချယ်ခြင်း
IoT နည်းပညာသည် GPS tracking system နှင့် Traffic data များကို အခြေခံပြီး ယာဉ်မောင်းများအား ပိုမိုမြန်ဆန်ချောမွေ့သည့် လမ်းကြောင်းများအား လမ်းညွှန်ပြောပြပေးနိုင်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုနည်းသည်နှင့်အမျှ ဆီအပိုမကုန်ကျသလို ကာဗွန်ထုတ်လုပ်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။
ကြိုတင်ထိန်းသိမ်းပြင်ဆင်ခြင်း
ယာဉ်ယန္တရားများအား စနစ်တကျ ထိန်းသိမ်းပြင်ဆင်ခြင်း ပုံမှန်မလုပ်ဆောင်ပါက ဆီစာနှုန်း မြင့်တက်နိုင်သလို ပတ်ဝန်ကျင်အပေါ် ဆိုးရွားသည့် သက်ရောက်မှုများလည်း ရှိလာနိုင်ပါသည်။ IoT နည်းပညာဖြင့် ယာဉ်အခြေအနေအား အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်ခြင်း၊လိုအပ်သည့် လုပ်ဆောင်ချက်များအတွက် Fleet Manager များထံ အသိပေးခြင်း တို့ကို အချိန်မီ လုပ်ဆောင်ပေးခြင်းဖြင့် မလိုလားအပ်သည့် ဆီအသုံးပြုမှုများအား လျှော့ချပေးနိုင်ပါသည်။
ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု
ဆီဆုံးရှုံးမှုကို လျှော့ချနိုင်ခြင်းသည် လုပ်ငန်းအတွက်သာမက သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးပြုနိုင်ပါသည်။ ဆီအသုံးပြုမှု လျှော့ချနိုင်သည်နှင့်အမျှ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းကဲ့သို့သော Greenhouse ဓာတ်ငွေ့ထုတ်လုပ်မှုကိုလည်း နည်းပါးစေနိုင်တာကြောင့် လုပ်ငန်းများ တာရှည်ရပ်တည်နိုင်သလို ပိုမိုသန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။